Posted by လေပြေ at 17:31
Read our previous post
♦♦♦ အလွမ်းမမ ပန်းမမရေ …ပန်းလှလှတွေ ပွင့်ပြန်လေပြီ
ဝေဝေဆာဆာ ဆံကေသာမှာ
သဒ္ဓါချစ်ပြုံး ပန်ဆင်ကုံးဖို့
ချစ်ဆုံးမောင်က ကိုဗျတ္တလို
မမထံပါး ပန်းခစားဘို့
စောင့်စားနေ့ရက် ရှည်ခဲ့ပြီ ….. ။
♦♦♦ အလွမ်းမမ ပန်းမမရေ …
စေတနာဖွေး ပန်းခင်းလေးထဲ
ငေးမြဲနေ့စဉ် စိတ်ဘဝင်ဖြင့်
သခင်လာမယ့် နေ့တစ်ရက်ကို
ချိုးလက် ရက်ရေ ပန်းလေးတွေနှင့်
မဖြေဆည်နိုင် မျက်ရည်ဖြိုင်လျက်
သည်းဆိုင်လေးလည်း နာလှပြီ ….. ။
♦♦♦ အလွမ်းမမ ပန်းမမရေ …
ဘဝကံခေ ဇာတာတွေကန်း
ပန်းတွေလည်းနွမ်း စမ်းရေခမ်းနဲ့
အလွမ်းဇာတ်အိမ် ရောင်မှိန်မှိန်မှာ
တစ်ချိန်ခါက ပန်းလှလှကို
ဘဝကမ္ဘာ ကျေနပ်စွာဖြင့်
မေတ္တာဖွဲ့ထုံး ပန်ဆင်ပြုံးပြီး
အမုန်းကျိန်စာ ဘယ်တွက်တာကြောင့်
ခုခါ မမ ပန်းလှလှကို
သံသယဖြာ ရင်နာနာနဲ့
အစာမကြေ စိမ်းရက်လေတာ
မဖြေသာနိုင် မယုံနိုင်ဘူး *****
ဆုံနိုင်ချက်ဝေး ဒဏ်ရာတေးနဲ့
ပန်းလေးများစွာ ထွေးပိုက်ကာဖြင့်
တစ်ခါတုန်းဆီ ဒဏ္ဍာရီကို
မျှော်ရည်မှန်းမှန်း အစဉ်လွမ်းတယ်
အလွမ်းမမ ပန်းမမ ….. ။ ။
(စံလွန်းတင်)
ဦးဦးဇင်း ... ရင်တွင်းဖြစ် ရဲ့ ကဗျာ လေပြေ
No comments:
Post a Comment