Comments

Thursday 21 February 2013

"အရှုံးထဲမှ အမြတ်ထုတ်ကြသူများ"

Posted by at 16:09 Read our previous post
"အရှုံးထဲမှ အမြတ်ထုတ်ကြသူများ"
••••••••••••••••••••••••••••••
••••
“ပုထုကိလေသေ ဇနေတီတ ပုထုဇ္ဇနော” ကိလေသာတို့ကိုဖြစ်စေတတ်သောကြောင့် ပုထုဇဉ်လို့
ဆိုပါတယ်။

ပုထုဇဉ် ဖြစ်ကြတဲ့လူသားတိုင်းဟာ ကိလေသာလို့ဆိုတဲ့
အကုသိုလ်တရားနဲ့ ဘယ်သူမှ မကင်းနိုင်ကြပါဘူး။
အနည်းနဲ့အများသာ ကွာခြားပါ လိမ့်မယ်။ ကိလေသာတွေမကုန်သေးသရွေ့အမှားဆိုတာ
လုံးဝမကင်းနိုင်ကြသေးပါဘူး။

တခါတလေ အကြာင်းအမျိုးမျိုးကြောင့် မလွဲမရှောင်သာ
အမှားတွေ အကုသိုလ်တရားတွေ ပြုမိတတ်ကြပါတယ်။
အမှားတွေ ပြုလိုက်မိပြီဆိုရင် မိမိပြုလိုက်တဲ့ အကုသိုလ်
အမှားကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီး နောင်မမှားအောင် သင်ခန်းစာယူတတ်ဖို့ လိုပါတယ် ။

♦ ငါနောက်တခါ ဒါမျိုးမမှားအောင် ကြိုးစားမယ်ဆိုတဲ့ သတိလေးထားတတ်မယ်ဆိုရင် သတိရှိတဲ့အတိုင်းလည်း
နေမယ်ဆိုရင် လူတော်တစ်ယောက် ၊ လူစွမ်းကောင်းတစ်ယောက်လို့ဆိုနိုင်ပါတယ်။

♦နောက်တစ်ခါ ကိုယ်ကျူးလွန်ခဲ့တဲ့ အကုသိုလ်အပြစ်ကိုပဲ
အရင်း တည်ပြီး ဆင်ခြင်သတိရှိကာ ဝိပဿနာတရား(တနည်း)ဥာဏ်နဲ့ယှဉ်ပြီး
ကြိုးစားအားထုတ်လိုက်မယ်ဆိုရင် မဂ်ဖိုလ်နိဗ္ဗာန်အထိ အကျိုး ပေးနိုင်ပါတယ်။

♦ ဒါဟာကုသိုလ်ကို အရှုံးမပေး၊
အမှားကိုဆင်ခြင်ကာ အရှုံးထဲက အမြတ်ထုတ်လိုက်တာပါပဲ ။ ရှေးပညာရှိသူတောင်ကောင်းတို့ လည်း ဒီလမ်းစဉ်အတိုင်း လျှောက်လှမ်းခဲ့ကြပါတယ်။

ဒါကြောင့် ‘ ပဏ္ဍိတာနဉ္စ သေဝနာ’ ဆိုတဲ့
မင်္ဂလာဒေသနာတော် အတိုင်း ပညာရှိ တို့ကို
နည်းမှီကာ မိမိတို့လိုအပ်သော ပန်းတိုင်ကို
လျှောက်လှမ်းကြရပါမယ်။

♠ “ ရဟန်းတို့ ကိလေသာမည်သည် သေးငယ်သည်မရှိ “လို့မြတ်ဗုဒ္ဓမိန့်တော်မူခဲ့ပါတယ်။ အကုသိုလ်(အပြစ်)
ကိလေသာ တရားတွေဟာ ငယ်တယ်မရှိပါဘူး။
ကိလေသာမှန်သမျှ အကုသိုလ်မှန်သမျှ အပြစ်တွေသာ
ဖြစ်တဲ့ အတွက် ကြောင့် အားလုံးဟာ ကြောက်မက်ဖွယ်ရာ
တွေသာ ဖြစ်ကြပါတယ်။

♠ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော်အချိန်ကဖြစ်ပါတယ်။ ဗာရာဏသီပြည်ကြီးမှာ ဗြဟ္မဒတ်မင်းအုပ်စိုးစဉ်
ကာသိ တိုင်း ရွာတစ်ရွာတွင် မိတ်ဆွေနှစ်ဦးတို့သည်
ရေဗူးကိုယ်စီဖြင့် လယ်တောသို့သွားကြကုန်၏။
သင့်လျှော်ရာနေရာတစ်ခု၌ ရေဗူးကိုထားကြပြီး
လယ်ကိုခုတ်ထွင်းကြကုန်၏။

ထိုမိတ်ဆွေနှစ်ဦးတို့တွင် တစ်ယောက်သောသူသည်
ရေသောက်အံ့သောငှာ ရေဗူးရှိရာအရပ်သို့လာ၍
မိမိ ရေဗူးမှ ရေကုန် သွားမည်စိုး၍ မိတ်ဆွေ၏ ရေဗူးကို
ပိုင်ရှင်မသိဘဲ ခိုးယူသောက်မိလေသည်။

ညချမ်းရောက်သောအခါ ရေသန့်စင်ပြီး ယနေ့
ငါ၏သန္တာန်၌ အဘယ်မည်သော မကောင်းမှုသည်
တည်ရှိနေသ နည်းဟု ဆင်ခြင်လိုက်တဲ့အခါ မိတ်ဆွေ၏
ရေဗူးထဲမှရေကို ခိုးသောက်မိတဲ့အပြစ်ကို မြင်မိလေ
သောကြောင့် ထိန့်လန့်သ ဖြင့် ဤကိလေသာတဏှာသည် တိုးပွားလတ်သော် ငါ့အား အပါယ်ငရဲသို့ ရောက်စေလတ္တံ့ဟု ကြောက်သောစိတ်ဖြင့် ထိုနေရာ၌ မိမိပြုခဲ့သော ကိလေသာ
ကိုပင် အရင်းတည်ကာ ဝိပဿနာတရားအားထုတ်လိုက်တာ တစ်ခဏအတွင်း၌ပင် ပစ္စေက ဗောဓိညဏ်ကို ရရှိခဲ့ပါသည်။

♠ ကာသိရွာ၌ပင် တစ်ယောက်သော သူကြွယ်သည်လည်း
မိမိအိမ်၌နေစဉ် မိန်းမတစ်ဦးကိုမြင်၍ ဣနြေ္ဒတို့ကိုဖျက်လျက် တစိမ်းစိမ်းကြည့်ကာ ကာမတဏှာဝိတက်များ ကြံမိလေသည်။
ဤလောဘ ကာမတဏှာသည် ငါ့အား အပါယ်ငရဲ သို့
ရောက်လတ္တံ့ဟု ထိန့်လန့်သောစိတ်ဖြင့် ထိုလောဘ
တဏှာကိုပင် အခြေခံကာ ဝိပဿနာတရားအားထုတ်လိုက်တာ
ထိုနေရာ၌ပင် ကစ္စေက ဗောဓိဥာဏ်ကို ရရှိသွားခဲ့ပါတယ်။

♠ ကာသိတိုင်းမှ တောအုပ်တစ်ခုဝယ် ထကြွသောင်း
ကျန်းနေသော လူဆိုးခိုးသားများသည် သားနှင့်အဖကို
တွေ့ လျှင် သားကိုဖမ်း၍ အဖေကို ဥစ္စာပြန်ယူခိုင်းလေသည်။
တစ်နေ့တွင် ထိုလမ်းခရီးသို့လာခဲ့ကြသော သားအဖိတို့သည် လူဆိုးခိုးသားများ အဖမ်းခံရသောအခါ သင်တို့နှစ်ယောက်သည်
အဘယ်သို့ တော်စပ်ကြသည်သနည်းဟုမေးလေ၏။ သားအဖိနှစ်ယောက်တို့သည် ခိုးသူများ ဘေးရန်ကြောင့် ဘာမျှမတော်စပ်ကြဟု ညာပြောခဲ့လေသည်။

♠ ထိုတောအုပ်မှပြန်၍ ညချမ်းသောအခါ တစ်နေ့တာ၏
အပြောအဆို၊အပြုအမူ၊ အကြံအစည်တွေပေါ်မှာ
သန့်ရှင်း မှု ရှိ ၊ မရှိကို ပြန်လည်သုံးသပ်လိုက်သောအခါ
နေ့ဘက်က ကျူးလွန်ခဲ့သော မုသာဝါဒကိလေသာအပြစ်ကို
တွေ့မြင်လေ သောကြောင့် ထိန့်လန့်သည်ဖြစ်၍ အပါယ်ငရဲသို့ကျမည်စိုးသဖြင့် ထိုနေရာ၌ပင် ဝိပဿနာတရား အားထုတ်လိုက်တာ ပစ္စေက ဗောဓိဥာဏ်သို့
ဆိုက်ရောက်လေတော့သည်။

ထိုထိုသာဓကများသည် ရှေးသူတော်ကောင်းများ ကျင့်ဆောင်
သွားခဲ့ အရှုံးထဲမှ အမြတ်ထုတ်သွားခြင်းပဲ ဖြစ်ပါ သည်။

♦♦ စာရှုသူ သူတော်ကောင်းအပေါင်း တို့သည်လည်း
မိမိကိုယ်ကို "အမြဲစစ်ဆေး" နေဖို့လိုအပ်ပါသည်။ ♦♦

♦ အဲဒီလို စစ်ဆေး နေခြင်းသည်
" မြင့်မြတ်သူတွေရဲ့လုပ်ငန်းတစ်ရပ်ပဲ" ဖြစ်ပါသည်။

♦ ထို့ကြောင့် မိမိပြုမိခဲ့သော အကုသိုလ်အပြစ်ကိလေသာ
တွေကို အရှုံးမပေးဘဲ သတိဥာဏ်လေးကပ်ပြီး ဝိပဿနာတရားအားထုတ်လိုက်မယ်ဆိုရင
တနည်းအားဖြင့် နောင်ဒါမျိုး မဖြစ်အောင်
ကြိုးစားဆင်ခြင်မယ်လို့ စိတ်ဓါတ်လေးပြောင်းလိုက်မယ်ဆိုရင်
"အရှုံးထဲက အမြတ်ထုတ်လိုက်တာပဲ" ဖြစ်ပါ တယ်။ ♦

" မကောင်းမှုရှောင်၊ကောင်းမှုဆောင်၊
ဖြူအောင် စိတ်ကိုထား" ဆိုသော
ဘုရားဒေသနာတော် အတိုင်း ဓမ္မမိတ်ဆွေသူတော်ကောင်း
အပေါင်းတို့သည် ဘဝကိုအရှုံးမပေးဘဲ
ရှေးပညာရှိသူတော်ကောင်းတို့၏ နည်းလမ်းအတိုင်းလိုက်နိုင် ရှောင်နိုင်ကြပါစေဟု ဆန္ဒမွန်ဖြင့် -

(သဗ္ဗသတ္တာနံ သုခိတာ ဟောန္တု)
ဇိနောရသ
[အရှင်ဣန္ဓသီဟ (လှည်းကူး)]
ညွှန်း - ဇာတက နိပါတ်တော်

----------------------*----------------------
- သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ -
"Donated By Honey Lay"
_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ၊
သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။
လူအချင်းချင်း လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ၊… _/|\_

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ