Posted by လေပြေ at 17:04
Read our previous post
ခဏခဏ မာန်ဖီပြနေတဲ့ ပင်လယ်ဟာ
အငွေ့ပျံလွယ်ကြောင်းကို
သူတို့ကောင်းကောင်းမသိခဲ့ကြဘူး။။
မျှားဦးရဲ့လားရာကို ဂရုထားရလွန်းတော့
လေးညှို့အတွက် အားလျော့ခဲ့တယ်
ကိုယ့်ရဲ့ ဒီခရီးဟာ ...
ထင်သလောက် မပေါက်ခဲ့ဘူးကွယ်။။
ဒီနွေဟာ အရောက်နောက်ကျသလောက်
လောင်မြိုက်လွယ်လွန်းတယ်
အလိုရမ္မက်အတွက်နဲ့
ဘဝကိုတလက်လက်စိုတဲ့ ချွေးတွေဟာ
လိပ်ပြာကို ချော့သိပ်ဖို့ကျ မစွမ်းနိုင်ခဲ့ကြဘူး။။
သမင်မွေးရင်း ကျားစားရင်းမို့
ဆုံးရှုံးခြင်းတချို့က မခို့တရို့ရယ်တယ်
ဘာဖြစ်လဲကွယ် ...
ကိုယ်မငိုတတ်ဖို့ မင်းအပြုံးတွေ ချိုမြနေခဲ့တာပဲ။။
ထက်ရှမှုကို တသသသွေးနေရတော့
ရင်ဘတ်ဟာ အမေ့ခံဘဝနဲ့
မှတ်မှတ်ရရပါပဲ ...
သံယောဇဉ်ဆိုတာ မချိုမှန်းသိတဲ့ညက
အိပ်မက်ထဲမှာ ကိုယ်ငိုတယ်။။
အသွေးအသားထဲထိ စိမ့်ဝင်ခံလိုက်ရတဲ့
ခါးသည်းမှုတစ်ချို့ကတော့
မာနရောင်ခပ်ပါးပါးနဲ့ ... ကိုယ့်ကို
ကန့်လန့်ကာချခိုင်းထားတယ်။။
သုညကို ဂုဏ်တင်ဖို့အတွက်နဲ့
အိပ်မက်တွေ ညတာမရှည်စေချင်တော့ပါဘူး
ဖြစ်ခြင်း/ပျက်ခြင်းက အနီကတ်မပြခင်
အတ္တကိုပဲ သရဏဂုံတင်ကြမယ်
အချစ်ရယ် ... မာနတို့ ပျက်သုဉ်းချိန်အကြောင်းဟာ
ပုံပြင်တစ်ပုဒ် မဟုတ်ခဲ့ပါဘူး။။
ကိုအလင်းသစ်ရဲ့ ကဗျာလေးပါ လေပြေ
No comments:
Post a Comment