Posted by လေပြေ at 07:12
Read our previous post
လင်းလက်နေတဲ့ ကြယ်တွေ
ကမ္ဘာရဲ့ မြင်ကွင်းက ဖဲ့ထွက်
ငြိမ်းချမ်းရာဆီ ထွက်ထွက်သွားတာ
များ…ပြီ …။
အဲဒီအထဲကမှ
ကြယ်တစ်စင်း (ဝါ ) လူငယ်တစ်ယောက်ဟာ
ကောင်းကင်အကြွေကောက်တဲ့လက်နဲ့
ကျောက်ထွင်းရာဇဝင်ကိုထွင်းခဲ့
သေးငယ်တဲ့ အယူအဆ အစက်အပြောက်သဘောတွေနဲ့
ကမ္ဘာမြေ ကို မြေဆိုင်မြေခဲတွေလို တူးဖော်ခဲ့
မီးအိမ်တစ်လုံးနဲ့ သစ္စာတရား ရှာခဲ့
ယုံကြည်ချက်နရီတွေ ပြိုင်မြင်းတို့ရဲ့ ခွာသံလို ညံခဲ့
နဂါးငွေ့ တန်းလို ဖမ်းရခက်တဲ့ ကြယ်မြင်လမြင်လောကဓံကို
မိမိရရ ဖမ်းဆုပ်ခဲ့
ပြီးတော့ကာ
အနုပညာ လွတ်လပ်ခွင့်မှာ
အသစ်တည်ရှိမှု ယဉ်ကျေးမှုတစ်ရပ်ကို
ကြေးသွန်း သွားခဲ့တယ် ။
“သေသူတွေရဲ့အရိုးက
ရှင်သူတွေ ဘာလုပ်ရမယ်ဆိုပြီး
အံ့ချီးဖွဖွ ဖော်ကျူးပြနေတာကို
သမိုင်းလို့ခေါ်တယ် ”…
ကြယ်က ဆိုရဲ့ …
ငယ်ငယ်ဝံ့ဝံ့ လောကဓံနဲ့
ဆောင်းဦးလေပြည်ကို ပန်ချင်တဲ့
ရင်ဘတ်ထဲ မီးပွင့်ဖဲချပ်တွေ တစ်ထပ်ကြီးနဲ့
အဲဒီကြယ်ပေါ့
သူ့ ဝိဥာဉ်ထဲက မီးခိုးပျော့ပျော့သံတွေဟာ
အခုထိ …
အနုပညာ ဝန်းကျင်တစ်ခုလုံးမှာ
နက္ခတ်ဦးလို ပျံ နေ တုန်း ။
လင်းလက်နေတဲ့ ကြယ်တွေ
ကမ္ဘာရဲ့ မြင်ကွင်းက ဖဲ့ထွက်
ငြိမ်းချမ်းရာဆီ ထွက်ထွက်သွားတာ
များ…ပြီ …
ဝင်သက်နှင့်ယူခဲ့သမျှ
ထွက်သက်နှင့်ပြန်ပေးရမည်
ဒါ ကမ္ဘာအစရဲ့
ပထမ သီအိုရီပဲဖြစ်သည် တဲ့
လင်းလက်နေတဲ့ ကြယ်ပေါင်းများစွာထဲက ကြယ်တစ်စင်း
အနုပညာဟင်းလင်းပြင်မှာ
တာဝန်ကြေ သွား...နှင့်...ခဲ့...ပေါ့ ။။
အိုင်လွယ်ပန်
No comments:
Post a Comment