Comments

Saturday 2 February 2013

နှစ်သက်မိသော မောင်စိန်ဝင်း(ပုတီးကုန်း)၏ ကဗျာများ

Posted by at 22:28 Read our previous post





ဝေး

လွမ်းမျက်ရည်ဝေဒနာပေးချင်လို့ 
ပန်းသက်သေခြေရာကလေးတွေနဲ့ 
သွေခွာပြေးပုန်းသူခင်။

အတိမ်းခက်ပေမယ့်
စိမ်းရက်တယ်ငြင်ငြိုမလား
ရင်ကိုခွဲကာ သခင်ကြည့်လျှင်ဖြင့်
မြင်မိမယ်ထင်။

သမုဒယဆိုတဲ့ ချစ်ကြိုးတစ်မျှင်
ရစ်တိုးငင်လို့ အဝိဇ္ဖာလွှမ်း
ပူပူသရွေ့ကိုတော့
သူသူတွေ့ကာဘယ်လိုသိနိုင်မလဲ
ရင်ထဲမှာကျွမ်းမြေ့ဆွေး
ဝေးဝေးကလွမ်း။


မောင်စိန်ဝင်း (ပုတီးကုန်း)






သောကခြေရာ (၅)


တွယ်တာလှပေမယ့်

ကွယ်ရာကပဲ ချစ်တော့မယ်။


အဆင်ခက်လေတော့

မကြင်ရက်တယ် သခင်ဆိုမလား

ငြင်ငြိုရင် ကိုယ့်အပြစ်ပါပဲ

စိတ်ညစ်တယ်ကွယ်။


သံယောဇဉ် ခွေကာရစ်ပေမယ့်

ပြန်ပြောရင် ဝေဒနာဖြစ်ရုံမို.

ချစ်တတ်သူ အမူလုပ်ပါလို.

မပူရုပ်လို ဟန်ဆောင်တင်းပေမယ့်

ရင်တွင်းမှာ မကြည်မွေ.လေတော့

သည်နေ.လဲ စိတ်ညစ်တယ်

သိပ်ချစ်တယ်လို. မဆိုသာတော့။


ပါးစပ်ကပြောမှလား

နှုတ်ဖျားမှာ မေတ္တာမရှိပါဘူး

အကြည့်ဆုံ ဝေဒနာနွေးတွေက

အကြင်နာခြေရာလေးတွေပဲ

အတွေးမှာ ရစ်တ၀ဲနဲ.

ချစ်သည်းရယ် ဘာသာဖြေလို.

မာယာတွေ ဟန်ဆောင်ထိန်းကာ

တစိမ်းတွေပေါ့။


မောင်စိန်ဝင်း(ပုတီးကုန်း) [သောကခြေရာ ရတနာကဗျာများ ]




ညို

ဟိုး...တောင်ထိပ်မှာ
မိုးရိပ်ညိုညို့ မှိုင်းရီဆို့လျှင်
ပိုလို့တမ်းတ သတိရလျက်
ဖြေပြေခက်လို့...
မျက်ဝန်းထဲမှာ မိုးရွာပြီညို...။

ဒါပါပဲကွယ်...
ပုံပြင်ရယ်ထား အိပ်မက်များလို
မေ့သွားနိုင်ရိုး အဖြစ်မျိုးလား
မြတ်နိုးနှောင်ရစ် သောကမြစ်လျှံ
ချစ်ခြင်းဆင်းရဲ မိုးသားမည်းညို
ပြိုမည်အုံးအုံး မိုးထစ်ခြုံးပြီ...
နှလုံးသားတောင်ထိပ်က အလွမ်းမိုးရိပ်တွေပါ ညို ။ ။


မောင်စိန်ဝင်း (ပုတီးကုန်း)
လွမ်းရဲတယ်

သူမေ့ပြီလား---
လူတွေ့ရန်မဆိုထားနဲ့
နှစ်ကိုယ်ကြားရုံ ဖုန်းဆက်တဲ့ဓလေ့တောင်မှ............
သြော်----------မုန်းရက်ပြီလို့ထင်။

ကြားယောင်ကာ
နားထောင်ရတော့မလားရယ်နဲ့
သူ့စကား မုသားတောင်ယုံချင်တတ်သူမို့
(သူပြောလျှင်) ........
ပုံပြင်ပင် တကယ်မှတ်ပြန်တော့
မလည်ပတ်သူလို သူငြိုငြင်။

မလွမ်းတတ်လို့လား
လွမ်းတတ်သူ မပူရှိနိုင်ပါ့
သူသိအောင်ဘယ်လိုပြောရမလဲ
ဘယ်လိုမောကာ ဘယ်လောက်ရင်ဆို့ပေမယ့်
ခင်မို့လို့ သူစိမ်းပြင်ပြင်
စိမ်းချင်ချင်နဲ့ စိမ်းနိုင်ရက်

ခင်ခင်စိမ်းပေမယ့်
ရင်ငြိမ်းအောင် အပူမသတ်နိုင်လို့
အပူဇာတ်ကို အခန်းဆက်နေတဲ့
ပန်းသက်သေ ဝေဒနာပွင့်တွေက
လွမ်းရက်ရှည်ကြွေကာ မရင့်ပြန်တော့
ခင်ခင့်လို ဘယ်သူခွဲနိုင်မလဲ
ပူရဲတယ် သည်ရင်ကျွမ်းအောင်
လွမ်းတော့ဆယ်သက်..

မောင်စိန်ဝင်း(ပုတီးကုန်း)




တိတ်တခိုး

ပန်းပွင့်တယ်ဆိုတာ
သဘာဝပါခင်။

အလှကြည့်ခံချင်လို့
ပန်ဆင်ပါစေရည်စူးပြီး
ဆူးပွင့်မဆင်။

ခင်ကြိုက်ရင် အညှာကိုချိုး
မြတ်နိုးတော့ ပန်ချင်ပန်
မပန်ချင် ခင်မကြိုက်တော့လည်း
ပစ်လိုက်ပေါ့နော်..ခင်
ဆင်ချင်မှဆင်ပါတော့။

မခင်လို့ပဲဖြစ်ဖြစ်
မဆင်လို့ပဲပစ်ပစ်
ခင်သွားရင် ရနံ့ပေး
ခင်မွှေးရင်ပျော်ရွှင်လို့
ခင်မမြင် ခင်မကြည့်ပေမယ့််
ခင်သိရင် တို့ကျေနပ်ပါရဲ့
ရွက်ချပ်စို ကြိုအကြားမှာပဲ
ပွင့်သွားတာပေါ့။


မောင်စိန်ဝင်း(ပုတီးကုန်း)



ချစ်သူ

မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်။

အလွန်ဝေးကွာသည့် အရပ်သို့ ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။

အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့  စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ ကို ခံစားရရှိနေတတ်ပြန်သည်။

သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
(ငါ့)ချစ်သူသာဖြစ်ပါ၏။
မောင်စိန်ဝင်း(ပုတီးကုန်း)


အချစ်ဦး


တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါ၀ါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲကြွေကြွေ
မြေမှာပဲရောက်ရောက်
ဖွဖွကလေးကောက်လို့
ပန်းခြောက်လေးပဲမြတ်နိုးမယ်။


မောင်စိန်ဝင်း(ပုတီးကုန်း)
----------------
မာနမဲ့စွာ


ပြက်ရယ်မှုကိုခံရသည့်အခါ
အားငယ်သွားတတ်သော်လည်း
မည်သည့်အခါမှ စိတ်မဆိုးရက်ပါလေ။

အနိုင်ကျင့်မှုကိုခံရသည့်အခါ
ဝမ်းနည်းသွားတတ်သော်လည်း
မည်သည့်အခါမှ မနာကြဉ်းရက်ပါလေ။

တန်ဖိုးမထားမှုကိုခံရသည့်အခါ
မကျေနပ်မှုကို ခံစားရတတ်သော်လည်း
မည်သည့်အခါမှမငြိုငြင်ရက်ပါလေ။

စွန့်ပစ်သွားခြင်းကိုခံရသည့်အခါ
ကျွမ်းမြေ့လောင်မြိုက်စွာပူပန်ရသော်လည်း
မည်သည့်အခါမှမေ့လျော့၍မရနိုင်လေ။

စတွေ့သည်မှ
ငါသည်သင့်အား
မာနတရားကို ပေးအပ်ထားခဲ့သောကြောင့်တည်း။


မောင်စိန်ဝင်း(ပုတီးကုန်း)

---------------------

မာယာမိုး

ပြိုမယောင်
ဟိုတောင်က မိုး….. ။

လေအဝှေ့မှာတော့
ရေငွေ့တွေဘယ်ဆီတိမ်းပါလို့
ဘယ်ယိမ်းကာ ဘယ်ကိုပါသလဲ
ဝေဒနာပူပူသရွေ့ကို
ကွယ်….
သူမေ့မှာစိုး ………။

မောင်စိန်ဝင်း (ပုတီးကုန်း)
---------------------

ချစ်သူသစ်ပင်

လွင့်ကြွေကျဖို့တော့
ပွင့်မနေပါရစေနဲ့ဘုရား။

သူချိုးနိုင်ဖို့ အခက်ဝေ
သူနေခိုဖို့ အရိပ်ပေး
သူ့ဘ၀မှာ အပူတွေဝေးစေဖို့
အစတေးခံနေ...နေလိုရဲ့
သပြေပင်အိုဘ၀နဲ့
(တပည့်တော်)ရှင်ရပါစေသား။


မောင်စိန်ဝင်း(ပုတီးကုန်း)
---------------------
အချစ်

ပြက္ခဒိန်မရှိ၊ ရက်အချိန်မသိ။
နာရီမရှိ၊
ရာသီမညှိ။
မအိုသည့်အရာ၊
ထာဝရအလင်းတန်း၊
ဘဝရဲ့စမ်းရေအိုင်လေးတစ်ခု။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)
--------------
နွယ်
တစ်ပင်ထဲ (တည်း)၊
ရင်ထဲကနွယ်။
ခက်ညွန့်သန် နုသစ်လို့၊
ရစ်ပတ်နှောင်တွယ်။
သံယောဇဉ်ဆိုတာရယ်၊
နွယ်ကလေးတစ်ပင်ပေါ့။
ရာသီတွေ ဘယ်လိုပြောင်းပေမယ့်၊
ခေါင်းထောင်လို့ကြော့။ ။
မောင်စိန်ဝင်း ( ပုတီးကုန်း )
---------------
လွမ်းစံပယ်
တကယ်မဝေးပေမယ့်၊
စံပယ်လေးတွေ ခြောက်ပြီလေ …. ။
မခေါ်သာအတွေ့ခက်၊
နေ့ရက်တာရှည် … ။
ပွင့်သစ်တို့ တဝေဝေ၊
ပွင့်ကြွေတို့ တဖွေးဖွေး … ။
အသက်တမျှချစ်ပါရဲ့၊
လက္ခဏအဖြစ်လို ပွဲဝင်မထိုက်သူမို့၊
ကျွမ်းမြိုက်ဆူ အခန်းရှည်ဇာတ်မှာလည်း၊
ပန်းကြိုက်သူ လွမ်းနေတတ်အောင်လို့၊
အမှတ်တရကွယ် ခြေရာချန်သလား၊
ဝေဒနာကျန် တမြည့်မြည့်အဆွေးတွေနဲ့၊
မရေရာပြန် တစေ့စေ့တွေးတော့မှ၊
(အချစ်ရယ် … ) တနေ့ထက်တနေ့ ဝေး … ။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)
--------------------
ထွက်ဆိုပါသည်….
-သံယောဇဉ်ဖြင့်…
နှောင်ငင်တွယ်ရစ်၊ ကျွန်မချစ်မိ
အပြစ်ရှိသည်….
-တွယ်ငြိခြင်းဖြင့်
ရင်တွင်းဆူုးနစ်၊ ကျွန်မချစ်မိ
အပြစ်ရှိသည်….
-အတွယ်အတာ ဘယ်အရာဖြစ်
ဖယ်ခွာလို့ရ ၊ကျွန်မမသိ
ဝဋ်ရှိလေသမျှ
ချစ်မိနေရပါသလား….
-နှလုံးသားမှာ၊ အနာတရ
ထာဝရဖြစ်တည်…
(အခုတော့ ………….)
ကျွန်မချစ်မိအပြစ်ရှိသည်….

မောင်စိန်ဝင်း(ပုတီးကုန်း)
---------------------------------
ဆွေး

သံယောဇဉ် အမျှင်တန်းကို
ရှင်ခန်းဘယ်သူဖြတ်နိုင်ပါ့
ပူတတ်သူ တစ်သက်လွမ်းေ၇ာ့ လို့ 
လက်ကမ်းက ဝေဒနာမျှချင်လည်း
ဘ၀နွေ အနုသယတောမှာ
သမုဒ်ဒယအမော တစ်ဇာတ်သိမ်းအောင်
(အခုတော့ …)ခပ်စိမ်းစိမ်းနေပါ့မယ်.
မောင်စိန်ဝင်း(ပုတီးကုန်း)
------------------
အချစ်ကဗျာတစ်ပုဒ်

တွယ်တာလှပေမဲ့
ကွယ်ရာကဘဲချစ်တော့မယ်
အဆင်ခက်လေတော့
မကြင်ရက်တယ်သခင်ဆိုမလား
နေညိုရင်ကိုယ့်အပြစ်ပါဘဲ
စိတ်ညစ်တယ်ကွယ်။ ။
သံယောဇဉ်ခွေကာရစ်ပေမဲ့
ပြန်ပြောရင်ဝေဒနာဖြစ်ရုံမို့
ချစ်တတ်သူအမူလုပ်ပါလို့
ရင်တွင်းမှာမကြည်မွေ့လေတော့
ဒီနေ့လဲစိတ်ညစ်တယ်။ ။
သိပ်ချစ်တယ်လို့မဆိုသာတော့
ပါးစပ်ကပြောမှာလား
နှုတ်ဖျားမှာမေတ္တာမရှိပါဘူး
အကြည့်ဆုံဝေဒနာနွေးတွေက
အကြင်နာခြေရာလေးတွေဘဲ
ချစ်သည်းရယ်ဖာသာဖြေလို့
မာယာတွေဟန်ဆောင်ထိန်းကာ
တစိမ်းတွေပေါ့။
မောင်စိန်ဝင်း(ပုတီးကုန်း)
----------------------------
ကျွန်တော့်မြေမှာ
ပန်းပွင့်ကို ကျွန်တော်မင်၊
ပန်းပင်ကို ကျွန်တော်ပျိုး။
ထုံနံ့သာ ငုံကာဖူးခါမှ၊
လက်ဦးသူ .. ချိုး။

အသီးကို ကျွန်တော်မင်၊
အပင်ကို ကျွန်တော်ပျိုး။
သီးကင်းငုံ ပေါ်ကာထွက်ခါမှ၊
လက်ဦးသူ .. ခိုး။

ပန်းအလှ ကျွန်တော်မင်၊
ပန်းပင်ကို ကျွန်တော်ပျိုး။
ပွင့်ချိန်တန် ရနံ့ရိုင်းနဲ့၊
ပဒိုင်းပင်မျိုး။

အချိုသီး ကျွန်တော်မင်၊
အချိုပင် ကျွန်တော်ပျိုး။
သီးချိန်တန် တမာပျားလို၊
ခါးသည့်အမျိုး။

ရေမလောင်း ပေါင်းမသင်၊
ပန်းတစ်ပင်ပါလား။

မမျှော်ရဲပြီဘု၊
ကံနည်းသူ ကျွန်တော်မို့၊
တော်သလိုပွင့်၊
သင့်သလိုဖူး၊
လက်ဦးသူ ချိုးချိုး၊
မြတ်နိုးသူ ပန်ပန်၊
ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပေါ့၊
ကိုယ်တန်လျှင် ကိုယ်ပန်ရချည်လိမ့်လို့၊
ဖြေသိမ့်ကာ စိုးရိမ်စိတ်နှင့်၊
ရင်ထိတ်တကား။
မောင်စိန်ဝင်း(ပုတီးကုန်း)
------------------
မာန်
အရွက်အတံ၊
အနှံအသီး၊
ဖျက်ဆီးရုံမျှ၊
အားမရသေး၊
ပင်မကိုဖြတ်၊
အသေသတ်လည်း၊
မားမတ်ညွန့်ဝေ၊
ခေါင်းထောင်နေအံ့၊
ရေသောက်မြစ်မှ၊
လူးလွန့်ထကာ၊
ခက်မရှင်သန်နေအုံးမည်။
မောင်စိန်ဝင်း(ပုတီးကုန်း)

ကဗျာပုံလေးတွေကို Share ခွင့်ပြုသော Wunna Than Htun ကို ကျေးဇူးတင်ပါသည်။
ပုံတချို့ကို Google မှ ရှာထားပါသည်။
မောင်စိန်ဝင်း(ပုတီးကုန်း)၏ ကဗျာများ

1 comment:

  1. အခုလိုကဗျာလေးတွေကိုမြန်လိုက်တိုင် ချစ်သူလေးကို အရင်သတိရနေပါတယ်
    အခုလိုတင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ် အမြဲတမ်းအားပေလျှက်ပါ

    ReplyDelete

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ