Comments

Tuesday 25 September 2012

ဒေါသကင်းဝေးနေနိုင်ရေး

Posted by at 07:38 Read our previous post
(၁) မေတ္တာကိုဖြစ်စေ၍ ဒေါသငြိမ်းအေးနည်း၊

(၂) ကရုဏာကိုဖြစ်စေ၍ ဒေါသငြိမ်းအေးနည်း၊

(၃) ဥပေက္ခာကိုဖြစ်စေ၍ ဒေါသငြိမ်းအေးနည်း

(၄) မေ့ဖျောက်၍ ဒေါသငြိမ်းအေးနည်း၊

(၅) ‘သူ့ကံနှင့်သူရှိပါစေတော့’ဟုနှလုံးသွင်း၍ ဒေါသငြိမ်းအေးနည်း၊၊

အထက်တွင် ဖော်ပြဆွေးနွေးထားသည့် အမျက်ဒေါသဖြေဖျောက်နည်း၊ အမျက်ဒေါသငြိမ်းအေးနည်းများ သည် အမှန်တကယ်ပင်အသုံးဝင်သည့်နည်းလမ်းများဖြစ်ပြီး၊ ကြိုးစားကျင့်သုံးရန်လည်း လွယ်ကူသည့် နည်းများဖြစ်ကြောင်းကို တွေ့ရပါသည်၊၊

(“မေတ္တာကိုဖြစ်စေ၍ အမျက်ဒေါသငြိမ်းအေးနည်း”)
မနှစ်သက်သူနှင့်မုန်းသူများကို မည်ကဲ့သို့မေတ္တာထားရပါမည်နည်းဟု မေးကြပါသည်၊၊ လူတိုင်းလူတိုင်းတွင်
ကောင်းသည့်အခြင်းအရာများနှင့် မကောင်းသည့်အခြင်းအရာများ၊ ကောင်းသည့်အပြုအမူများနှင့်
မကောင်းသည့် အပြုမူများဟူ၍ရှိနေကြပါသည်၊၊
မိမိအမျက်ဒေါသဖြစ်နေသူ၌ရှိသည့် ကောင်းသည့်အခြင်းအရာနှင့် အပြုအမူများကိုရှာဖွေကြည့်ရှုပြီး စိတ် ထားတည်ငြိမ်လာသည်နှင့် မေတ္တာထားနိုင်လာပါသည်၊ မေတ္တာပို့လွှတ်နိုင်လာပါသည်၊၊ ဤသို့ပြုဖန်များ လာသောအခါ အမျက်ဒေါသငြိမ်းအေးပြီး၊ ပုံမှန်ပြည်လည်၍ဆက်ဆံနိုင်လာပါသည်၊၊
ဤနေရာတွင် အမျက်ဒေါသဖြစ်နေသူ၏အထံ၌ လေးစားဖွယ်အရည်အခြင်းနှင့် ကျေးဇူးတရားများကိုသုံး သပ်ဆင်ခြင်နိုင်လျင်လည်း အမျက်ဒေါသအထိုက်အလျောက်ပြေပျောက်ပြီး၊ ငြိမ်းအေးမှုကိုရရှိနိုင်သည်ဟု ယူဆပါသည်၊၊
အကြောင်းမှာ အမျက်ဒေါသဖြစ်ခြင်းများသည် အနီးနေအတူနေဖူးသူများအပေါ်၌သာ အဖြစ် များသောကြောင့် ဖြစ်ပါသည်၊၊ အတူနေအနီးနေသူတို့သည် အခြင်းခြင်းတစ်ခုမဟုတ်တစ်ခု ကျေးဇူးနှင့်၊ အ သိမှတ်ပြုဖွယ်အရည်အခြင်းများကို ကောင်းကောင်းသိသူများဖြစ်သောကြောင့် ဖြစ်ပါသည်၊၊
ဤသည်မှာ မိမိအမျက်ဒေါသဖြစ်နေသူအပေါ်တွင် ပါဠိစာပေနှင့်အညီ ဒေါသကင်းဝေးငြိမ်းအေးနည်း ဖြစ် ပါသည်၊၊

(“ကရုဏာကိုဖြစ်စေ၍ အမျက်ဒေါသငြိမ်းအေးနည်း”)
တစ်စုံတစ်ယောက်အပေါ်တွင် အမျက်ဒေါသဖြစ်မိသည်နှင့် ထိုသူကိုရန်ပြုလိုခြင်းနှင့်၊ အကျိုး ပျက်ပြား စေလိုသည့် စိတ်ရိုင်းများဝင်ရောက်လာတတ်ပါသည်၊၊
ထိုသို့စိတ်ရိုင်းများဝင်လာသည်ကို သတိပြုဆင်ခြင်သုံးသပ်ပြီး၊ ကရုဏာစိတ်ဖြစ်ပေါ်စေရန် ကြိုးစားနိုင်ပါ လျင် အမျက်ဒေါသပြေငြိမ်းပြီး၊ စိတ်အေးချမ်းရပါသည်၊၊ ကရုဏာဟူသည်မှာ သနားခြင်းကိုခေါ်ပါသည်၊၊
လူတို့သည်“ဟန်ကိုယ့်ဖို့”လုပ်နေကြရသော်လည်း လူတိုင်းတွင်အခက်အခဲကိုယ်စီနှင့် အကြပ်အတည်း ကိုယ်စီရှိနေတတ်ကြသည်ကိုအမှတ်ရပြီး၊ သနားသည့်စိတ်ကိုမွေးမြူနိုင်ပါလျင် အမျက်ဒေါသမဖြစ်တော့ရုံ မျှမက ကူညီအားပေးလိုသည့်စိတ်များပင် ဖြစ်ပေါ်လာတတ်ပါသည်၊၊
သနားကြင်နာသည့်စိတ် ကရုဏာဖြစ်ပေါ်လာသည်နှင့် အမျက်ဒေါသများပြေပျောက်ပြီး၊ ကူညီရိုင်းပင်းမှု များနှင့်၊ အကျိုးလိုလားစိတ်များဖြစ်ပေါ်လာနိုင်ပါသည်၊၊
မိမိအမျက်ဒေါသဖြစ်မိသူအပေါ်တွင် သနားလောက်သည့်အခြေအနေများကို ကြည့်ရှုသုံးသပ်ပြီး၊ ကရုဏာ ထားခြင်းဖြင့် အမျက်ဒေါသဘ၀သံသ ရာများအထိ မလိုက်ပါတော့ဘဲအေးငြိမ်းရပါတော့သည်၊၊

(“ဥပေက္ခာကိုဖြစ်စေ၍ အမျက်ဒေါသငြိမ်းအေးနည်း”)
လူများနှင့်အရာဝတ္ထုများအပေါ်တွင် ချစ်ခြင်း၊ မုန်းခြင်းနှင့် အမျက်ဒေါသဖြစ်ပွားခြင်းများမှာ ထိုလူများ အရာဝတ္ထုများနှင့်မိမိသည် တစ်မျိုးတစ်မည်အားဖြင့် ဆက်စပ်နေသောကြောင့် ဖြစ်ပါသည်၊၊
မိမိနှင့်တစ်စုံတရာပတ်သက်ဆက်နွယ်မှုမရှိသည့် အရာဝတ္ထုနှင့်လူများအပေါ်တွင် ချစ်ခြင်း၊ မုန်းခြင်းနှင့် အမျက်ဒေါသဖြစ်ခဲလှပါသည်၊၊ ဥပေက္ခာ၏သဘောမှာ လူများနှင့်အရာဝတ္ထုများအပေါ်တွင် ချစ်ခြင်း၊ မုန်းခြင်းမပါရှိဘဲ ဆက်စပ်မှုမရှိအောင်နေလိုက်ခြင်းကို ခေါ်ပါသည်၊၊
အချို့စာရေးသူများသည် ဥပေက္ခာဟူသည်ကို မုန်းလွန်း၍လျစ်လျူရှုလိုက်ခြင်းဟု အဓိပ္ပါယ်ဖော်ပြတတ် ကြပါသည်၊၊ မမှန်ပါ၊၊ ဥပေက္ခာ၏မူလသဘောမှာ ချစ်ခြင်း၊ မုန်းခြင်းမရှိဘဲ ကင်းရှင်းအောင်နေ လိုက် ခြင်းကို ခေါ်ပါသည်၊၊
မိမိအမျက်ဒေါသဖြစ်နေသူနှင့် တစ်စုံတရာပတ်သက်မှုမရှိတော့ဘဲ လုံးဝကင်းဝေးအောင်၊ ကင်း ရှင်း အောင်ဖြတ်တောက်လျက်နေနိုင်လျင် ဖြစ်ခဲ့ပြီးသောအမျက်ဒေါသများအနည်ထိုင်ပြီး ငြိမ်းအေးနိုင်ပါ သည်၊၊

(“မေ့ဖျောက်၍ အမျက်ဒေါသငြိမ်းအေးနည်း”)
ဗုဒ္ဓအဘိဓမ္မာတွင် သံယောဇဉ်ဆယ်မျိုးရှိပါသည်၊၊ လူတို့သည် ချစ်ခြင်းကိုသာ သံယောဇဉ်ဟုထင်နေတတ် ကြသည်၊၊ အမှန်စင်စစ် အမုန်းသည်လည်း သံယောဇဉ်အမျိုးအစားထဲတွင် ပါဝင်ကြောင်းသိသူနည်းပါးလှ ပါသည်၊၊
အမုန်းသံယောဇဉ်ကို ပါဠိဝေါဟာရအားဖြင့်“ပဋိဃသံယောဇန”ဟု ခေါ်ပါသည်၊၊ လူတို့သည် ချစ်သူကိုမှ စွဲလန်းတမ်းတသည် မဟုတ်၊ မုန်းသူကိုပိုမို၍ပင် သတိရနေတတ်ပါသည်၊၊ မုန်းသူကို အကြိမ်ကြိမ်သတိ ရနေမိရာမှ အမျက်ဒေါသပိုမိုဖြစ်ပေါ်လာပြီး စိတ်မငြိမ်းချမ်းမှုများကို ဖြစ်ပေါ်စေတတ်ပါသည်၊၊
အမျက်ဒေါသဖြစ်သူနှင့် ဒေါသဖြစ်ပေါ်စေခဲ့သည့်အကြောင်းအရာဆိုးများကို မေ့ဖျောက်နိုင်ရန်ကြိုး စားလျင် အမျက်ဒေါသများငြိမ်းအေးစေနိုင်ပါသည်၊၊ သံယောဇဉ်သဘောအရ မုန်းသူအကြောင်းကိုမှ ထပ်ခါထပ် ခါတွေးနေမိခြင်းသည်ပင် အမျက်ဒေါသကိုပိုမိုတိုးပွားအောင် အားထုတ်မိခြင်းဖြစ်ပါသည်၊၊
ထို့ကြောင့် မိမိအမျက်ဒေါသဖြစ်မိသူနှင့် အမျက်ဒေါသကိုဖြစ်ပေါ်စေခဲ့သည့် အကြောင်းဆိုးများ ကို မေ့ပျောက်ပြစ်ခြင်းဖြင့် အမျက်ဒေါသငြိမ်းအေးပြီး၊ စိတ်လက်ပေါ့ပါးသည့် နေ့စဉ်ဘ၀သာယာမှုကိုရ ရှိ နိုင်ပါသည်၊၊

(“သူ့ကံနှင့်သူရှိပါစေတော့ဟုနှလုံးသွင်း၍ အမျက်ဒေါသကို ငြိမ်းအေးနည်း”)
လူတို့သည် ကံအမျိုးမျိုးဖြင့်ဘ၀မျိုးစုံကို ရရှိလာကြပါသည်၊၊ အမျက်ဒေါသသည် မိမိကိုယ်တိုင်နှင့်အခြား သူကို ဖြက်ဆီးရန်သာဖြစ်သည့်အတွက် တစ်စုံတရာကောင်းကျိုးကို မမျှော်လင့်နိုင်ချေ၊၊
လူတစ်ယောက်အပေါ်တွင် အမျက်ဒေါသပြင်းထန်လွန်းပြီး လက်စားချေခြင်း၊ ပျက်စီးမှုကိုစနစ်တကျစီမံ၍ ကြံစည်၍ပြုခြင်း၊ ရန်းကားမှုကိုပြုခြင်းများသည် အပြုခံရသူနှင့်အတူ မိမိတွင်ပါအခြေပျက်ပြီး၊ နင့်နာမှုကို အညီအမျှ ရရှိပါသည်၊၊
အမျက်ဒေါသကိုငြိမ်းအေးစေရန်“ပြုသူအသစ် ဖြစ်သူအဟောင်း၊ သူ့အကြောင်းနှင့်သူသာ ရှိပါစေတော့” ဟု နှလုံးသွင်းဆင်ခြင်၍ စိတ်နှလုံးကိုထိမ်းသိမ်းနိုင်လျင် အမျက်ဒေါသဖြစ်မိသူအပေါ်တွင် အမျက်ပြေပြီး၊ ခွင့်လွှတ်နိုင်ကြောင်း လေ့လာရပါသည်၊၊
လူတို့သည် မိမိတို့ကံအလျောက် ဘ၀ပုံစံအမျိုးမျိုးကိုရရှိထားကြသည်ဖြစ်သောကြောင့် “သူပြုသမျှ သူခံ၊ ကိုယ်ပြုသမျှ ကိုယ်ခံ”ဟုသဘောထားနိုင်လျင် အမျက်ဒေါသကိုငြိမ်းအေးစေနိုင်ကြောင်း မှတ်သားရပါ မည်၊၊
ဤတွင် ဒေါသကင်းဝေးနေနိုင်ရေးစာတမ်း ပြည့်စုံပါပြီ၊၊ ဘ၀သံသရာအဆက်ဆက် အပူမီးပွားစေမည့်အ မျက်ဒေါသမှတဆင့် အငြိုးအတေးဖြစ်စဉ်များကိုတားဆီးနိုင်စေရန် ပါဠိစာပေမှလေ့လာရှာဖွေလျက် ဒေါ သပြေပျောက်ကြောင်းနည်းလမ်းများကို စာဖတ်သူသို့ ဆွေးနွေးတင်ပြအပ်ပါသည်၊၊
စာဖတ်သူများ လောင်စာရန်ငြိုး၊ မီးဆက်၍မပျိုးမိစေကြဘဲ၊ အမျက်မရှိသည့်နှလုံးသားများဖြင့် လောကနှင့် လူသားများအပေါ်တွင် အကောင်းမြင်စိတ်ဓာတ်ဖြင့်၊ အေးငြိမ်းချမ်းသာသည့်ဘ၀များကို ရရှိပိုင်ဆိုင်ကြ ပါစေကြောင်းဆန္ဒပြုလျက် စာတမ်းကို အဆုံးသတ်အပ်ပါသည်၊၊ ၊၊
{မှတ်ချက်/အံ-၅၊ အာဃာတ၀ဂ်၊ အာဃာတပဋိဝိနယသုတ်ကိုကိုးကား၍ ဤစာတမ်းကိုရေးသားတင်ပြ အပ်ပါသည်၊၊} စာရေးသူ ။မောင်သိန်းထိုက် (သဘောကျလို့ ကူးယူဖော်ပြသည် လေပြေ

No comments:

Post a Comment

လာလည်ကြသောသူငယ်ချင်းများ ပြောကြ ဆိုကြ နောက်ကြ စကြ ရန် -
© လေပြေမှကြိုဆိုပါ၏။Template designed by လေပြေ